ပျဉ်းမနားမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းရွေးချယ်ခြင်းများ ဆောင်ရွက်

ပျဉ်းမနား ဒီဇင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်‌၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပျဉ်းမနားမြို့နယ် အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာများဖြစ်သည့် မဲပေါက်အုပ်စု၊ မဲပေါက်ကျေးရွာနှင့် မြေမြို(ခ) မြိုင်သာယာကျေးရွာများတွင် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်က စီမံကိန်း၏ရည်ရွယ်ချက်၊ စီမံကိန်းတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကျေးရွာကော်တီ ဖွဲ့စည်းရာတွင် ပါဝင်ရမည့် အရည်အချင်းသတ်မှတ်ချက်များ၊ စီမံကိန်းထောက်ပံငွေဖြင့် ဆောင်ရွက်ခွင့်ရှိသည့် လုပ်ငန်းများနှင့် ကျေးရွာရှိပြည်သူများပူးပေါင်း ပါဝင်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးပေးသည်။

ဆက်လက်၍ ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်မိုးသူ(နည်းပညာ)က စီမံ‌ကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးပေးပြီး၊ အစည်းအဝေးတက်ရောက်လာသူများက သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကော်မတီဝင် (၇)ဦးအား အဆိုပြုရွေးချယ်ပေးသည်။

အဆိုပါ အစည်းအဝေးတွင် တက်ရောက်သူများက မိမိတို့ကျေးရွာများတွင် အမှန်လိုအပ်လျက် ရှိသည့် ဦးစားပေး(၁)ရေရရှိရေး၊ ဦးစားပေး(၂) ကျေးရွာတွင်းလမ်း၊ ဦးစားပေး(၃) စာကြည့်တိုက် လုပ်ငန်း စသည်တို့ကိုတင်ပြဆွေးနွေးကြရာ ဦးစားပေး(၁) ရေရရှိရေးတွင် ‌တောင်ပေါ်ဒေသ ဖြစ်သည့်အတွက် သောက်သုံးရေလုံလောက်မှုမရှိသည့်အတွက် ရေတွင်းတူးဖော်ခြင်း၊ ရေလှောင်ကန်နှင့် ပိုက်လိုက်သွယ်တန်းခြင်းအား ဦးစားပေးရွေးချယ်ရကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)