မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများကို ဆိုလာပန်ကာမီးများ ပေးအပ်လှူဒါန်း

 တာမိုးညဲ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌   လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ(၁၃)ရွာတွင် မီးလင်းရေးအခက်အခဲ ကြုံတွေ့ နေကြသည့် ကျေးရွာနေပြည်သူများ အနေဖြင့် မီးလင်းနိုင်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ဆိုလာပန်ကာမီး စုစုပေါင်း အလုံး(၄၅၆)လုံးကို ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်ခန့်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပေးအပ် လှူဒါန်းခဲ့သည်။

“လျှပ်စစ်မီးမရရှိနိုင်သေးတဲ့ ကျေးရွာတွေမှာ မီးလင်းနိုင်ဖို့ အခက်အခဲကြုံတွေ့နေကြတဲ့ ကျေးရွာနေပြည်သူတွေက မီးလင်းနိုင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ဆီကို တင်ပြဖို့တောင်းဆိုလာကြတယ်၊ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်က မီးလင်းနိုင်ရေးအတွက် အထောက်အကူပြုစေရန် အခုလိုဆိုလာပန်ကာမီးတွေကို ပြန်လည် စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဆိုလာပန်ကာမီးကို မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုဥက္ကဋ္ဌ၊ ကွတ်ခိုင်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်လွင်နှင့် (Lighting Vision)တို့ ပူးပေါင်း၍ ကာလတန်ဖိုး စုစုပေါင်း ကျပ်(၈၂)သိန်းကျော်တန်ဖိုးရှိ ဆိုလာပန်ကာမီးများကို ကျေးရွာနေ ပြည်သူများအား ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများ ထံသို့ လက်ဝယ်အရောက် အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ခေါန်မိုင်(ပြန်/ဆက်)