နမ့်ဆန်မြို့နယ် Quarantine Centre မှ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုထားသူများ၏ တို့ဖတ်နမူနာများကို မူဆယ်ဓါတ်ခွဲဌာနသို့ ပေးပို့စစ်ဆေး

နမ့်ဆန်      ဒီဇင်ဘာ     ၁၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိစပ်ထားသူများနှင့် နယ်ဝေးမှ ဝင်ရောက်လာသူ (၃၆)ဦး တို့၏ နှာခေါင်းတို့ဖတ် နမူနာကို မူဆယ်မြို့ ဓာတ်ခွဲဌာနသို့ ပို့ဆောင်၍ စစ်ဆေး ရာ(၃၆)ဦးလုံး ကိုဗစ်ပိုး ကင်းရှင်းကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

နမ့်ဆန်မြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ(၂၂)ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာစတင် တွေ့ရှိခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့များတို့က ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကိုဗစ်-၁၉ ကူးစက်ပိုးတွေ့ လူနာအသစ် မရှိတော့ဘဲ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ယမန်နေ့တွင် ပိုးတွေ့လူနာများနှင့် ထိတွေ့ထားသူများကို နတလ Quarantine Centre နှင့် နယ်ဝေးမှ ပြန်လည် ရောက်ရှိလာသူများကို နမ္မဝေါရပ်ကွက် အမက(၃)ကျောင်းတို့တွင် ထားရှိပြီး စုစုပေါင်း လူ(၃၆)ဦးကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများတို့က ၎င်းတို့၏ နှာခေါင်း တို့ဖတ် နမူနာကိုယူ၍ မူဆယ်မြို့ ကျန်းမာရေးဦးစီး ဌာနမှ ဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ (၃၆)ဦးလုံးမှာ ကိုဗစ်-၁၉ ပိုးကင်းရှင်းကြောင်းသိရပြီး ၎င်းတို့ အားလုံးကို မိမိနေအိမ်သို့ ပြန်ခွင့်ပြုကာ မိမိတို့၏နေအိမ်တွင် Home Quarantine တစ်ပတ် ဆက်လက်ထားရှိသွားမည် ဖြစ် ကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၄)ဦးခန့်အထိ ရှိခဲ့ပြီး ကျန်းမာရေးဦးစီးဌာန၏ ဆေးကုသမှုဖြင့် ရောဂါ သက်သာပျောက်ကင်း၍ ပိုးတွေ့လူနာများ အားလုံးမှာ ဆေးရုံအသီးသီး ဆင်းခွင့်ရရှိကာ လတ်တလောအခြေအနေတွင် နမ့်ဆန်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကင်းရှင်း သွားပြီဖြစ်ကြောင်း သိရသည်။

ယခုတွင် ကိုဗစ်ကုသဆေးရုံအဖြစ်ထားရှိသည့် မန်ခိုက်ရပ်ကွက်ရိပ်သာတွင် မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့က ပိုးသတ်ဆေးဖျန်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ပြုလုပ်ခဲ့ပြီး နမ့်ဆန် မြို့နယ်အတွင်း နောက်ထပ် ကူးစက်မှုများ မရှိလာစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီက ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး မြို့အဝင်အထွက် စစ်ဆေးရေး ဂိတ်များကို လည်း စနစ်တကျ တင်းတင်းကြပ်ကြပ် ပြုလုပ်ဆောင်ရွက်ထားကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)