ဟားခါး ဒီဇင်ဘာ ၁၈
ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက် ညနေ ၅ နာရီအချိန်က လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှ တစ်ဆင့် အပူလွန်ကဲပြီး အိမ်ရှင် ဦးထောင်ဟီး၏ (၂၀×၁၄) ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စုအား ယမန်နေ့က ချင်းပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ် (၃) ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပစ္စည်းများတွင် မိသားစုအသုံးအဆောင် ပစ္စည်းများ (Family Kit) စုစုပေါင်း ထောက်ပံ့ပစ္စည်း အမျိုးအစား (၁၃) မျိုးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများ (Hygiene Kit) စုစုပေါင်း ထောက်ပံ့ပစ္စည်း အမျိုးအစား (၂၀) မျိုးကို ထိခိုက်နစ်နာ သည့် အိမ်ထောင်စုအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်နှင့် ဘေးဒုက္ခ ကျရောက်သူများအားကူညီရန် စသည့် လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ပြည်သူများအား ကူညီထောက်ပံ့ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)