ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ ပန်ဆိုင်းမြို့နှင့် မုံးကိုးမြို့၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မုံးကိုး     ဒီဇင်ဘာ ၁

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူဝါဇုတ်ဒေါင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးရှဲန်တစ်လုံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်နှင့် ဌာနဆိုင်ရာများက ယမန်နေ့က မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မုံးကိုးမြို့တို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများသည် မုံးကိုးမြို့ဖောင်းဆိုင်ကျေးရွာ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသခံပြည်သူများက လိုအပ်ချက်များကို တင်ပြပြီး တာဝန်ရှိ ဝန်ကြီးများက လိုအပ်ချက်များအား ဖြည့်ဆည်း ပေးနိုင်မည့် အခြေနေများကို ဆွေးနွေးသည်။ ဆက်လက်ပြီး မုံးကိုးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ရပ်မိ ရပ်ဖများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ ပြီး ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသည်။

ထိုသို့ ဆွေးနွေးရာတွင် မူဆယ်-မုံးကိုးဖောင်းဆိုင်လမ်း အဆင့်မြှင့်တင်ပေးနိုင်ရေး၊ လျှပ်စစ်မီး သွယ်တန်းပေးနိုင်ရေး၊ မြန်မာ-တရုတ်နယ် စပ်ဂိတ်မှတစ်ဆင့် ဒေသထွက်ကုန်များဖြစ်သည့် ပြောင်းဖူး၊ ပဲ၊ စပါးစသည်တို့ကို တင်ပို့ခွင့်ပြု နိုင်ရေး၊ မုံးကိုးမြို့၊ နယ်စပ်ချောင်းတစ်လျှောက် ရေကာတာ ဆောင်လုပ်ပေးနိုင်ရေး ကိစ္စရပ်များနှင့် လူငယ်များအတွက် ဘောလုံးကွင်းနှင့် ပွဲကြည့်စင် ဆောက်လုပ်ပေးနိုင်ရေးတို့ကို ဒေသခံရပ်မိ၊ ရပ်ဖများက တင်ပြဆွေးနွေးကြသည်။

ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တို့က ဖြည်းဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများကို ပြန်လည်ရှင်းလင်း ဆွေးနွေး ပြီး အခြားလိုအပ်ချက်များကို အသေးစိတ်မှာကြားခဲ့ ကြောင်း သိရသည်။

သန်းဇော်ဦး (ပြန်/ဆက်)