မန္တလေးငလျင်ကြီးကြောင့် မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားကြီးပျက်စီးမှုများပြုပြင်ရန်အတွက် အလှူငွေပေးအပ်

မန္တလေး     ဩဂုတ်   ၆

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားကြီ၏ မုခ်ဦးနှင့်ဓမ္မစေတီတော်များပြုပြင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ် ၆ ရက် နံနက် ၉ နာရီခွဲက မန္တလေးအောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်ရှိ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား အာရုံခံဓမ္မာရုံ၌  ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ကေသရ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကေသဝ အမှူးပြုသော ပင့်သံဃာတော်ငါးပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊   အလှူရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့်ဆရာတော်သံဃာတော်အရှင်သူမြတ်များဟောကြားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ပင့်သံဃာတော်များအား ဝါဆိုသင်္ကန်နှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်မမ မိသားစုက ဓမ္မစေတီ ခြောက်ဆူ အတွက် အလှူငွေကျပ်သိန်း ၆၀၊ အလှူရှင် ဒေါက်တာနိုင်ထွဋ်အောင်နှင့်ဇနီး ဒေါက်တာဝေဝေရင် မိသားစု၊ ကွန်းခိုရာဖောင်ဒေးရှင်းက ကုသိုလ်တော်ဘုရား၊ မြောက်ဘက် အလယ်မုခ်ဦးနှင့် မုခ်ဦး ၁၁ ခု အသစ်တည်ဆောက်ခြင်းအတွက် အလှူငွေကျပ်သိန်း ၄၅၀၀ ၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေက ဓမ္မစေတီနှစ်ဆူအတွက် အလှူငွေကျပ် သိန်း ၂၀ ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် ဇနီး ဒေါ်သီတာဇင် မိသားစုက ဓမ္မစေတီ သုံးဆူအတွက် အလှူငွေကျပ် သိန်း ၃၀ ၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် ဇနီး ဒေါ်စမ်းစမ်းမြင့် မိသားစုက ဓမ္မစေတီ နှစ်ဆူအတွက် အလှူငွေကျပ်သိန်း ၂၀ ၊ သယံဇာတ ရေးရာဝန်ကြီး ဦးရွှေဇင်က ဓမ္မစေတီ ငါးဆူအတွက် အလှူငွေကျပ် သိန်း ၅၀၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့်ဇနီး ဒေါ်ခင်စန်းဝင်း မိသားစုက ဓမ္မစေတီသုံးဆူအတွက် အလှူငွေကျပ် သိန်း ၃၀ ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်ဇနီး ဒေါ်ဆွေဆွေမိသားစုက ဓမ္မစေတီတစ်ဆူအတွက် အလှူငွေကျပ် ၁၀ သိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်နှင့်ဇနီး ဒေါ်ခင်အုန်းမြင့် မိသားစုက ဓမ္မစေတီတစ်ဆူအတွက် အလှူငွေကျပ် ၁၀ သိန်း၊ ဥပဒေချုပ် ဦးမြင့်အောင်နှင့်ဇနီး ဒေါ်လှလှမြင့် မိသားစုက ဓမ္မစေတီတစ်ဆူအတွက် အလှူငွေကျပ် ၁၀ သိန်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့်ဇနီး ဒေါ်မီမီစိုးမိသားစုက ဓမ္မစေတီ ၃ ဆူအတွက် အလှူငွေကျပ်သိန်း ၃၀ ၊ အလှူရှင်များက ဓမ္မစေတီအတွက်အလှူငွေများကို   ပေးအပ်လှူဒါန်းကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ထို့နောက် ယနေ့လှူဒါန်းသော အလှူ ငွေကျပ်သိန်း ၄၉၆၀ အတွက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကေသဝထံမှ ရေစက်ချတရားနာယူကြည်ညိုကြပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု"သုံးကြိမ်ရွတ်ဆိုဆုတောင်း၍အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

မြင့်မော်ထွန်း