ကျောက်ဆည် ဩဂုတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်ရှိန်မြှင့်တင်ရေးကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာ ရဲကြီးကွေ့အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်မြို့နယ်၊ ဇရပ်ဖြူကျေးရွာ ရဲကြီးကွေ့အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်နုရီက ငယ်ရွယ်စဉ်အချိန်ကပင် ကျောင်းစာအပြင် ပြင်ပဗဟုသုတပြည့်စုံရေးနှင့် အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေဖတ်ရှုခြင်း၏ အကျိုး ကျေးဇူးများအကြောင်းနှင့် အလိမ္မာစာမှာရှိ၊ ပညာရွှေအိုးလူမခိုး၊ ပညာလို အိုသည်မရှိ စသည့်စာပေ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင်ကျောင်းသား၊ ဿကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။
စုစုအေး(ကျောက်ဆည်)