မြစ်ကြီးနား သြဂုတ် ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မရှုံးဆုံးစေရေး အတွက် ဇူလိုင်လ(၂၅) ရက်နေ့မှ သြဂုတ်လ(၇)ရက်နေ့ထိ ပထမအကြိမ် ဆန္ဒမဲရှင်စာရင်း ကပ်ထား ကြေညာထားရှိမှုကို ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် အဖွဲ့(၅)ဖွဲ့ခွဲ၍ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆင်ဘိုမြို့ရှိ ပထမအကြိမ် ဆန္ဒမဲရှင်စာရင်း ကြေညာထားရှိမှုကို မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်သည့် ဦးလှရွှေ၊ မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးမှူး ဦးဂွါဇာလေးတို့သည် ဆင်ဘိုမြို့ အုပ်ချုပ်ရေးမှူးနှင့်အတူ ဇူလိုင်လ(၃၁)ရက်နေ့မှ သြဂုတ်(၂)ရက်နေ့ထိ ဆင်ဘိုမြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၅)အုပ်စုများမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများ အလိုက် ဆန္ဒမဲစာရင်းရှင်များကြေညာထားရှိမှု၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေအတွက် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရေး၊ မဲစာရင်း ကပ်ထားကြေညာထားစဉ် တွေ့ကြုံရသည့် အခက်အခဲများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆင်ဘိုမြို့တွင် မြို့ပေါ်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၂)အုပ်စု၊ ကျေးရွာခွဲ(၂)ရွာရှိပြီး မဲရုံပေါင်း(၁၇)ရုံ တွင် မဲပေးပိုင်ခွင့်ရှိသူ ကျား(၃၄၂၅)ဦး၊ မ (၃၂၈၇)ဦး စုစုပေါင်း မဲပေးပိုင်ခွင့်သူ (၆၇၁၂)ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။
စိန်ဝင်း(ပြန်/ဆက်)