ဟိုပုံး ဒီဇင်ဘာ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ ဟိုပုံးမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် မြစိမ်းရောင် စီမံကိန်းကျေးရွာများနှင့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်ပွဲအခမ်းအနား ကို ယနေ့နံနက် (၁၀) နာရီ အချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်မှ မြစိမ်းရောင်စီမံကိန်း ကျေးရွာရွေးချယ်ရာတွင် မြစိမ်းရောင် စီမံကိန်းရရှိပြီး (ကျေးလက်၊ အသား၊ ငါး)၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းဆောင်ရွက်သည့် ကျေးရွာများ၊ မြန်မာ ဆယ်မား အူးလ်အွန်ဒုန်း စီမံကိန်း ဆောင်ရွက်လျက် ရှိသော ကျေးရွာများကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာချယ်ရာတွင် ကျပ်သိန်း (၁၀၀) အပြင် လွှတ်တော်ရန်ပုံငွေနှင့် ကျေးရွာမှ ထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ဆောင်ရွက် လိုသည့် ကျေးရွာ များကို ဦးစားပေးရွေးချယ်ရန်၊ အကျိုးခံစားရမည့် အိမ်ထောင်စုများသည် ကျေးရွာဖြစ်ရန်၊ လမ်းပန်း ဆက်သွယ်ရေးလွယ်ကူချောမွေ့မှု၊ ကျေးရွာသူ/ ကျေးရွာသားများ၏ စိတ်အား ထက်သန်မှု၊ စည်းလုံး ညီညွှတ်မှု၊ တက်ကြွစွာ ဆောင်ရွက်လိုမှုရှိသည့် ကျေးရွာအားဦးစားပေး ရွေးချယ်ရန်၊ မြစိမ်း ရောင်စီမံကိန်း မရရှိသည့် ကျေးရွာများ ဦးစားပေးရွေးချယ်ရန်၊ ကျေးရွာများမှ Mini Grid ၊ SHS နှင့် ရေမီတာလုပ်ငန်းများတွင် ကိုယ်အား ကိုယ်ကိုးဆောင်ရွက်နိုင်မှု ကျေးရွာများဦးစားပေး ရွေးချယ်ရန်တို့ကိုရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ နှင့် ဌာနဆိုင်ရာအကြီးအကဲများက မြစိမ်းရောင်စီမံကိန်းကျေးရွာများနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကျေးရွာများ ရွေးချယ်ရာတွင် ကျေးရွာ(၁၈)ရွာ အားစံသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)