ဘိုကလေးမြို့နယ် သာပေါင်းကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွား

ဘိုကလေး  ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ၊ အမှတ်(၃-က)ရပ်ကွက်တွင် ယမန်နေ့ည(၇)နာရီအချိန်ခန့်၌ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ကမ်းပြိုမှုကြောင့် ဘိုကလေးမြစ်ကမ်းဘေး၊ သာပေါင်း(၃-က)ရပ်ကွက်တွင် နေထိုင်သူ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ တဲအိမ်ပြိုကျပျက်စီးသွားခဲ့ပြီး လူနှင့် တိရစာ္ဆန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ ပြိုကျတဲအိမ်တွင် နေထိုင်ကြသော မိသားစုဝင်(၁၀)ဦးအား အနီးအနားရှိ ဆွေမျိုးများအိမ်တွင် နေထိုင်စေရေး သာပေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရာအိမ်မှူးများမှ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းဘေးသင့်သူ မိသားစုဝင်များအား ကူညီထောက်ပံ့နိုင်ရေး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

မိုးစက်(ဘိုကလေး)