အိမ်မဲမြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူများထံမှ ဓာတ်ခွဲနမူနများရယူ၍ ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေး

အိမ်မဲ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသွားအလာ ကန့်သတ်ထား သူများထံမှ ဓာတ်ခွဲနမူနာများရယူ၍ ယနေ့တွင် ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို အိမ်မဲမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး အထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများက  (အ.ထ.က-၁)   Facility Quarantine Camp မှ အသွားအလာ ကန့်သတ်ထားသူ (၆) ဦး၊ ကြို့ကုန်း (အ.ထ.က) Facility Quarantine Camp မှ အသွားအလာ ကန့်သတ်ထားသူ (၄) ဦး၊ ရွာသစ် (အ.ထ.က) Facility Quarantine Camp မှ အသွားအလာ ကန့်သတ်ထားသူ(၅)ဦး၊ အိမ်မဲဆေးရုံမှ (၅) ဦး၊ စုစုပေါင်း (၂၀) ဦးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ အမျိုးသားဓာတ်ခွဲဌာန (ရန်ကုန်) သို့ သွားရောက် ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ကျန်းမာရေးအထောက်အကူပြုအဖွဲ့ အနေနဲ့ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားတဲ့ အချိန်ကတည်းက အသွားအလာ ကန့်သတ်ထားသူတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုရယူပြီး ယခုထိ အမျိုးသားဓာတ်ခွဲဌာန (ရန်ကုန်) ကိုပို့ဆောင်နေတာဖြစ်ပါတယ် ယခုလည်း အသွားအလာ ကန့်သတ်ထားသူတွေရဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀) ဦးကို သွားရောက်ပေးပို့စစ်ဆေးတာ ဖြစ်ပါတယ်။ ဓာတ်ခွဲနမူနာများရဲ့ အဖြေများကို သိရှိရပါက အချိန်နှင့်တစ်ပြေးညီ အိမ်မဲ​မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (page) မှာ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း" ကျန်းမာရေး အထောက်အကူပြုအဖွဲ့မှ ဦးကျော်မျိုးလင်းက ပြောသည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ယနေ့အထိ (၄၈) ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၄၆) ဦးနှင့် ဆေးရုံ တက်ရောက်ကုသနေသူ (၂) ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)