မိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာ၌ တတိယအကြိမ် မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲကျင်းပ

မိုင်းဖြတ်  ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တတိယအကြိမ် မြစိမ်းရောင်(အသားကဏ္ဍ)ရန်ပုံငွေ ကျပ်သိန်းသုံးရာ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၈ရက် နံနက်၁၀ နာရီအချိန်ခန့်က ဟိုနားကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းက မွေးမြူရေးလုပ်ငန်းများနှင့် မြစိမ်း ရောင်(အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ရ ခြင်း ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒေါက်တာ ထွန်းဇော်ဝင်းက မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေ ကျပ်သိန်းသုံးရာကို ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးစိုင်းခမ်းကျန်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဦးစိုင်းခမ်းကျန်က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြား ခဲ့သည်။

မိုင်းဖြတ်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်(အသားကဏ္ဍ)လုပ်ငန်းကို ၂၀၁၅-၂၀၁၆ ခုနှစ်မှစ၍ ဝမ်နောင်ကျေးရွာနှင့် ဟိုးနားကျေးရွာနှစ်ရွာဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့် ဟိုနားကျေးရွာနေပြည်သူ ၄၀ဦးကို တတိယအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်း ဖြစ်ပြီး အတိုးနှုန်းမှာ ပြားငါးဆယ် ဖြစ်ကြောင်း  ဒေါက်တာထွန်းဇော်ဝင်းထံက သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)