မိုင်းလုံ ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊မိုင်းလုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)ခန်းမတွင် ယနေ့ နေ့လယ်(၁၁) နာရီအချိန်ခန့်က Book Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် Book Club ဥက္ကဋ္ဌ ဦးစိုင်းသစ်က စဉ်းစားခြင်းစာအုပ်အခန်း(၃)မှ စဉ်းစားစရာပြဿနာများ ခေါင်းစဉ်ကို ဦးဆောင် ဖတ်ကြားဆွေးနွေး၍ Book Club အဖွဲ့ဝင် ဦးဇော်မင်းသွင်က လူတွေကိုယ့်ကိုယ်ကို ဘယ်လောက်ပိုင် သလဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဌေးလင်းဇော်က ဦးနှောက်မုန်တိုင်းဆွေးနွေးဝိုင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးကျော်ဇံက တစ်ဖက်သား နေရာကစဉ်းစားဖို့လိုသည်ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာ သောစာပေဝါသနာရှင်များကလည်း စဉ်းစားခြင်းဆိုင်ရာ နည်းလမ်း များ၊စဉ်းစားစရာပြဿနာများ၊ အကျပ်အတည်းကြားမှာ စဉ်းစားကြံဆတတ်သူများနှင့် အခြေနေအချိန်ခါ ပြောင်းလဲမှုအရ စဉ်းစားဉာဏ်ကို အသုံးပြု၍ စဉ်းစား ဆင်ခြင်နိုင်စွမ်းမြင့်မားလာစေမည့်နည်းလမ်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မိုင်းလုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာ ဗဟုသုတတိုးပွါးစေရန်၊ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း၊ စာပေဆွေးနွေးပွဲနှင့် အသိပညာပေး (Talk Show) အစီစဉ်များကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြောင်း သိရသည်။
စန္ဒာ(မိုင်းလုံပြန်/ဆက်)