ကွမ်းလုံမြို့ စည်ပင်သာယာရေးကော်မတီမှ မြသံလွင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကွမ်းလုံ      ဒီဇင်ဘာ      ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် စည်ပင်သာယာရေးဌာနမှ အများပြည်သူ အပန်းဖြေနိုင်ရန်နှင့် မြို့နယ် သာယာလှပရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြသံလွင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို သိန်း(၃၀၀)ကျော်ဖြင့် ပြုလုပ်ဆောင်ရွက်ရန် လျာထား လျက်ရှိရာ မိသားစုနှင့်သူငယ်ချင်းများ စွမ်းအားကုမ္ပဏီမှ ဆောင်ရွက်လျက် ရှိသည့် အုတ်တံတိုင်းကာရံခြင်း လုပ်ငန်းကို မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြသံလွင်ပန်းခြံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင် ပန်းခြံအတွင်း မြေညှိရှင်းလင်းဆောင်ရွက်ခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ ပန်းခြံအတွင်း ကွန်ကရစ်လျှောက်လမ်းများခင်းခြင်း၊ ပန်းခုံများပြုလုပ်ခြင်း၊ ကွန်ကရစ် ထိုင်ခုံများ ပြုလုပ်ခြင်း၊ အများပြည်သူ အပန်းဖြေရန် နားနေဆောင် တည်ဆောက်ခြင်း၊ ကလေးကစားကွင်းများ တည် ဆောက်ခြင်း၊ လျှောက်လမ်းလှေကားထစ်များ ပြုလုပ်ခြင်း၊ ပန်းခြံအတွင်း အလှပြင်ဆင်ခြင်း လုပ်ငန်းများ ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်သည်။

ကွမ်းလုံမြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့သာယာလှပရေးအတွက် မြို့တွင်း လမ်းများ ခင်းကျင်းခြင်း၊ ရေနုတ်မြောင်းများ ပြုလုပ်ခြင်း၊ လမ်းကတ်တုံးများပြုလုပ်ခြင်း၊ ဝန်ထမ်းအိမ်ယာ တည် ဆောက်ခြင်းလုပ်ငန်းနှင့် မြသံလွင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ရန် ငွေကျပ်သိန်း (၇၀၀) ကျော် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး ဌာနမှ သိရသည်။

စိုင်းဇော်ခမ်း(ကွမ်းလုံ)