ဓနုဖြူမြို့တွင် ငါးသဃံဇာတပြန့်ပွားရေးအတွက် စပါးစိုက်ခင်း(၂၂၀)ဧကအတွင်းငါးမျိုးများ စိုက်ထည့်

ဓနုဖြူ  ဩဂုတ်  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်တိုးပွားစေရေးနှင့် ငါးမျိုးစိတ်များမျိုးသုန်းပျောက်ကွယ်မှု မရှိစေရေးအတွက် စပါးစိုက်ခင်း အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၉ နာရီက နန်းတော်ကုန်းကျေးရွာရှိ စိုက်ပျိုးရေး စံပြစပါးစိုက်ခင်းတွင် ကျင်းပသည်။

ငါးမျိုးစိုက်ထည့်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်ဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လယ်သမားကြီးများနှင့် ကျောင်းသား/ကျောင်းသူများက ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၇၀,၀၀၀၊ တီလားဗီးယား ငါးသားပေါက်ကောင်ရေ ၄၀,၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၁၀,၀၀၀ အား နန်းတော်ကုန်းကျေးရွာအုပ်စုရှိ စပါးစိုက်ခင်း ( ၂၂၀) ဧက အတွင်းသို့ ငါးမျိုးစိုက်ထည့် ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား ငါးသယံဇာတ ထိန်းသိမ်းရေး စာအုပ်များ ပေးအပ်ခြင်းနှင့် သရုပ်ပြစိုက်ခင်း (၁၀)ဧကတွင် ငါးခိုမြောင်း၊ ငါးခိုကျင်းများပြုလုပ်၍ ငါးထည့်သွင်းမွေးမြူထားခြင်းကို တောင်သူများ လေ့လာနိုင်စေရန် သရုပ်ပြ မွေးမြူခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)