သာစည်မြို့နယ်တွင် မေမြို့ပန်းများ ထွက်ရှိချိန် ဝယ်ယူသူများ နည်းပါး၍ စျေးနှုန်း ကျဆင်း

မိတ္ထီလာ၊ ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မေမြို့ပန်းများ ထွက်ရှိချိန် ဝယ်ယူသူများ နည်းပါး၍ စျေးနှုန်း ကျဆင်းလျက် ရှိကြောင်း မေမြို့ပန်းစိုက်ပျိုးသူထံမှ သိရသည်။

 “ မေမြို့ပန်းကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင် ခုနစ်ရောင်ခြယ်နှင့် ရိုးစိမ်းကျောက်နီ စသည့် ပန်းမျိုးများကို ဝါခေါင်လပြည့်ကျော်တွင် ပျိုးထောင်၍ ပျိုးထောင်ပြီး တစ်လသာကျော်ပါက ပြောင်းရွေ့ စိုက်ပျိုးခြင်းဖြစ်သည်။ ထိုသို့ ပြောင်းရွေ့စိုက်ပျိုးပြီး နှစ်လကျော်ပါက အပင်များ စတင်ရောင်းချနိုင်ပြီဖြစ် သည်။ ယင်းသို့ မေမြို့ပန်းများ စိုက်ပျိုးရာတွင် (၅)ရက် တစ်ကြိမ် ရေသွင်းပေးပြီး ပိုးမွှားကာကွယ်ဆေးကိုလည်း အပင်များ ပိုးကျသည့်အပေါ်မူတည်၍ ပိုးမွှားကာကွယ်ဆေးများ ဖျန်းပေးရသည်။ ယခုနှစ်တွင် မေမြို့ပန်းမျိုးစေ့ နှစ်ပုလင်းစိုက်ပျိုးခြင်းဖြစ်ပြီး ၎င်းစိုက်ပျိုးသည့်မျိုးစေ့များကိုလည်း ပထမ တစ်ကြိမ်သာ ဝယ်ယူ၍ ဝယ်ယူပြီး နောက်နှစ်မှစတင်၍ စိုက်ခင်းမှ မေမြို့ပန်းများ ရောင်းချခြင်းလုပ်ငန်းအပြင် မျိုးစေ့ ထုတ်ယူခြင်းလုပ်ငန်းများပါ ဆောင်ရွက်လျက်ရှိသည်။ ၎င်းမေမြို့ပန်းများ ရောင်းချရာတွင်  မိတ္ထီလာစျေးသို့ သွားရောက် ရောင်းချသည့်အပြင် အခြားမြို့နယ်များရှိ ပန်းသည်များကလည်း စိုက်ခင်းအထိ လာရောက် ဝယ်ယူကြရာ ယခင်နှစ်က မေမြို့ပန်းပင် လေးပင် တစ်စည်းကို ငွေကျပ် (၂၀၀)နှုန်း ရောင်းချရသော်လည်း ယခုနှစ် မေမြို့ပန်းများ ထွက်ရှိချိန်တွင် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားသဖြင့် အခြားမြို့နယ်များမှ ပန်းသည်များ လာရောက်ဝယ်ယူခြင်းမရှိ၍ မိတ္ထီလာစျေးသာ ရောင်းချရသဖြင့် လေးပင် တစ်စည်းကို ငွေကျပ် ၁၀၀ မှ ၁၅၀ သာရောင်းချရကြောင်း သာစည်မြို့နယ် ရွှေလှံကျေးရွာမှ မေမြို့ပန်းစိုက်ပျိုးသူ ဦးဝင်းဌေးထံမှ သိရသည်။

အဆိုပါမေမြို့ပန်းများကို သာစည်မြို့နယ် ရွှေလှံကျေးရွာအပြင် မိတ္ထီလာမြို့နယ် ရွာသာအေး ကျေးရွာတွင် စိုက်ပျိုးလျက်ရှိပြီး ၎င်းမေမြို့ပန်းနှင့်အတူ အာဆီယံသပြေ၊ ရေမွှေးပန်းများကိုလည်း  စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)