ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ မိုးလုံလေလုံအားကစားရုံ အဆောက်အဦ တည်ဆောက်ရန်မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ပင်းတယ   ဒီဇင်ဘာ   ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   ပင်းတယမြို့၊     မြို့နယ်အားကစားကွင်း၌ မိုးလုံလေလုံ အားကစားရုံ   အဆောက်အဦတည်ဆောက်ရန်  မြေနေရာအား    ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီခွဲ အချိန် က အဆိုပါအဆောက်အဦ တည်ဆောက်မည့်မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာအချိန်ရောက်ရှိသည်နှင့် ပန္နက်တင်ရန် သတ်မှတ်နေရာများ၌ ပန္နက်ရိုက်ခြင်း၊ ရွှေရည် ငွေရည်နှင့် အမွှေးနံ့သာရည် ပက်ဖျန်းခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ     အမှုဆောင်အရာရှိ     ဦးစည်သူဝင်း၊      မြို့နယ်စီမံကိန်းဦးစီးဌာန      မြို့နယ်ဦးစီးမှူး       ဒေါ်နီနီကျော်နှင့် မြို့နယ်အားကာမှူး     ဦးအောင်ကိုဦး တို့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    ယခုဆောက်လုပ်မည့် မိုးလုံလေလုံ အားကစားရုံကြီးအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ( ၃၅၂ ဒဿမ ၉၈ ) သန်းဖြင့် အလျား  ၂၀၀  ပေ၊  အနံ  ၁၀၀ ပေ  အဆောက်အဦအဖြစ်  “လျှံထူးအောင်  ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ  ၂၀၂၀  -  ၂၀၂၁  ဘဏ္ဍာရေးနှစ်  ရှမ်းပြည်နယ်ရန်ပုံငွေ  ကျပ်  (၂၈ ဒဿမ ၉၇၁)  သန်းဖြင့် မြို့နယ် အားကစားကွင်း ပတ်ပတ်လည် မီတာ ၄၀၀ အရှည်အား    အုတ်ရေနုတ်မြောင်း တူးဖော်ခြင်း   (အဖုံးပါ) လုပ်ငန်းကို လင်းလက်ကြယ်စုကုမ္ပဏီမှ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လုပ်ငန်းများကိုလည်း  စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ပင်းတယ (ပြန်/ဆက်)