နောင်တရား ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာ အုပ်စု၊ မြင်းသောင်းကျေးရွာ၌ ပအိုဝ်းတိုင်းရင်းသားများအသုံးပြုသည့် လက်ရက်လွယ်အိတ်များ မှာယူမူနည်းပါးပြီး ရောင်းအားကျဆင်းနေလျက်ရှိကြောင်း လက်ရက်ကန်း ရက်လုပ်သူတစ်ဦးထံမှ သိရသည်။
“လွယ်အိတ်ကို အရွယ်ရောက်ကတည်းက ရက်လုပ်နေတာပါ အခုလည်း လုပ်နေတုန်းဘဲ နေ့တိုင်းအိမ်မှာနေပြီး လွယ်အိတ်ဘဲ ရက်လုပ်ဖြစ်နေတယ် အမှာရှိရင် လွယ်အိတ်အပြင် ခေါင်းပေါင်းနဲ့ ပိုးစောင်တွေလည်းရက်ပါတယ်” ဟု မြင်းသောင်းကျေးရွာနေ နန်းခမ်းရင်က ပြောသည်။ တစ်ရက်လျင် လွယ်အိတ်တစ်လုံးသာ ရက်လုပ်နိုင်ပြီး လွယ်အိတ်အရွယ်အစားပေါ် မူတည်၍ ကျပ် ၂၅၀၀ မှ ကျပ် ၈၀၀၀ အထိ ရောင်းချရကြောင်း ၎င်းက ဆိုပါသည်။
ပွင့်လင်းရာသီကာလတွင် ပွဲလမ်းသဘင်များပြားသောကြောင့် လွယ်အိတ်အမှာများပြားပြီး မနားမနေရက်လုပ်ခဲ့ရသော်လည်း ယခု ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပွဲလမ်း သဘင်များ ကျင်းပခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းကို ခွင့်မပြုသောကြောင့် လွယ်အိတ်မှာယူမူ နည်းပါးပြီး လွယ်အိတ်အသေးတစ်လုံးကို အများဆုံး ကျပ်၂၀၀၀ အထိသာ ရောင်းချနေရကြောင်း သိရသည်။ အဆိုပါ လက်ရက်လွယ်အိတ်များကို ပအိုဝ်းတိုင်းရင်းသားများက ပွဲလမ်းသဘင်များ၊ ရိုးရာအကပဒေသာပွဲများတွင် လည်းကောင်း၊ ဈေးရောင်းဈေးဝယ်များတွင် လည်းကောင်း အသုံး ပြုကြကြောင်း သိရသည်။ မြင်းသောင်းကျေးရွာတွင် အိမ်ခြေတစ်ရာကျော်ရှိပြီး လက်ရက်ကန်း လုပ်ငန်းကို လူကြီးလူငယ်အားလုံး ရက်လုပ်တတ်ကြပြီး လွယ်အိတ်အမှာနည်းပါးလာခြင်းကြောင့် လွယ်အိတ်ရက်လုပ်ခြင်းကို ရပ်နားထားပြီးနေ့စားခေါ်သည့် လယ်ယာလုပ်ငန်းများ ကိုသာ နေ့စားလိုက်နေရကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)