ရှင်ဗွေယန် ဒီဇင်ဘာ ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ (၂)နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်လင်းသွယ်သွယ်ဦးက ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေသည့်ကာလအတွင်း လူစုလူဝေးများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ပြည်သူများဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှင်ဗွေယန်မြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးကျော်လွင်က မူဝါဒ(၃) ရပ်နှင့်အညီ တောင်သူများအား အသိပညာပေးခြင်း၊ ရှင်ဗွေယန်မြို့ ဒေသအတွင်း အထွက်တိုးစပါးဖြစ်သော မှော်ဘီ (၂)၊ ဆင်းကရီ(၃)၊ ငွေတိုးစပါးများကို အများဆုံးစိုက်ပျိုးလျက်ရှိပြီး တောင်သူများအား မျိုးကောင်း မျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းဖြင့် တစ်ဧကချင်းအထွက်နှုန်းတိုးပြီး တောင်သူ တစ်ဦးချင်းအလိုက် ဝင်ငွေတိုးတက်လာမည်ဖြစ်ကြောင်းနှင့် မိမိတို့ဌာနအနေဖြင့် ရာသီဥတုနှင့် ကိုက်ညီသည့် အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးစေလိုကြောင်း တောင်သူများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
လင်းသွယ်ဦး (ပြန်/ဆက် )