ဇေယျာသီရိ ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ် ၊ မောင်တောနယ်မြေတွင် ပြည်သူလူထုဘေးကင်းလုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး တာဝန်ထမ်းဆောင်ရင်း ARSA အကြမ်းဖက်အုပ်စု နှင့် တိုက်ပွဲဖြစ်စဉ်တွင် ကျဆုံးခဲ့သည့် ဒုရဲမှူး ခင်မောင်ထွေးအတွက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) မှ ဂုဏ်ပြု ဆုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်က အမှာစကားပြောကြားရာတွင် ယခုချီးမြှင့်သည့် ဂုဏ်ပြုဆုလက်မှတ်မှာ ပြင်သစ်နိုင်ငံ လီယွန်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL)က ချီးမြှင့်ခဲ့တာဖြစ်ပြီး ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် (INTERPOL)က ချီးမြှင့်သည့် ဂုဏ်ပြုဆုကို ပထမဆုံးရရှိသည့် ရဲတပ်ဖွဲ့ဝင် (၆)ဦးအနက်မှ ဒုတိယရဲမှူး ခင်မောင်ထွေးမှာ တစ်ဦး အပါအဝင် ဖြစ်ပါကြောင်း အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့မှ အသိအမှတ်ပြုဂုဏ်ပြုဆုလက်မှတ် ပေးအပ်ခြင်းခံရသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း ဂုဏ်ယူရ ပါကြောင်း တာဝန်ထမ်းဆောင်ရင်း ကျဆုံးရသည့်အတွက် မိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းရပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပေးအပ်သည့် တာဝန်နှင့် ဝတ္တရားကို အသက်နှင့်ရင်းပြီး ပေးဆပ်ခဲ့သည့် ဒုရဲမှူး ခင်မောင်ထွေးအား လေးစားဂုဏ်ပြုသည့် အနေဖြင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်နန်းထားရွှေအား ဂုဏ်ပြုဆုလက်မှတ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးလင်းထွန်း (ပြန်/ဆက်)