လွိုင်ကော် ဒီဇင်ဘာ ၁၉
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာ ပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ပြည်နယ် လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ်များမှ ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်အခွင့်အရေး ဥပဒေဆိုင်ရာများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပို့ချချက်များ အပေါ် အပြန်အလှန်ဆွေးနွေးကြရန်နှင့် ယနေ့သင်တန်းမှရရှိသည့် ကလေးသူငယ်အခွင့်အရေးဥပဒေဆိုင်ရာ အသိပညာများကို မိမိတို့မြို့နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော် က ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအား ရှင်းလင်းဆွေးနွေးခြင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသန်းဦး က ကလေးသူငယ် အခွင့်အရေးဥပဒေဆိုင်ရာ အသိပညာပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ ပြည်နယ်ဥပဒေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန္ဒာနှင်း က ကလေးသူငယ်အခွင့်ရေး ဥပဒေနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ရာ တက်ရောက်လာသော ကော်မတီဝင်များမှ သိရှိလိုသည်များကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)