ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ဒီးမော့ဆို       ဒီဇင်ဘာ        ၁၉

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာနှင့် လူမှုအသင်းအဖွဲ့များ ပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့မွန်းလွှဲ ၂ နာရီခွဲက ဒီးမော့ဆိုမြို့ ကရုဏာခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ က အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရန်အတွက် မြို့နယ်အတွင်း စစ်ဆေးရေးဂိတ် ၆ ခု ဖွင့်လှစ်ထားရှိပြီး ၎င်းစစ်ဆေးရေးဂိတ်မှ ဝင်ရောက်လာသူများကို Quarantine ထားရှိရန် Centre ၃ ခု ထားရှိလျက်ရှိကြောင်း၊ ပြည်သူများ အား ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး Mask Camping ကိုလည်း ကျေးရွာအဆင့်ထိ ဆောင်ရွက် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ တက်ရောက်လာကြသူများအနေနှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လိုအပ်ချက်များကို အကြံပြုဆွေးနွေးပေးကြ ရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စိုးမင်းထွေး က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် လူမှု အသင်းအဖွဲ့များက လက်ရှိဆောင်ရွက်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ လုပ်ငန်းများ၊ အားသာချက်၊ အားနည်းချက်များနှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)