ကျောက်ဆည် ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်း(၂)လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်လမ်းများမှာ အကျယ်(၁၂)ပေ၊ ထု(၁၅)လက်မ၊ အရှည် (၁/၆)မိုင်ရှိ ကျောက်ဆည်- ကျောက်ဆောက်ကုန်း- မြစ်သားနယ်စပ်လမ်းပိုင်းနှင့် အကျယ်(၁၂)ပေ၊ ထု(၁၅) လက်မ၊ အရှည်(၁/၀၈)မိုင်ရှိ အရှေ့ငယ်တိုး- ရွှေဒါး၊ ရဲဘော်ကြီး- သပြေဝန်းလမ်းပိုင်းများ ဖြစ်ကြောင်း သိရှိရသည်။
လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၂၁၄)သန်းဖြင့် မြစ်ဧရာ ကုမ္ပဏီမှ ကျောက်ဆည်- ကျောက်ဆောက်ကုန်း-မြစ်သားနယ်စပ်လမ်းပိုင်းအား တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပြီး တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၁၃၂.၅၆)သန်းဖြင့် မောက္ခကုမ္ပဏီမှ အရှေ့ငယ်တိုး- ရွှေဒါး-ရဲဘော်ကြီး-သပြေဝန်းလမ်းပိုင်းတို့အား တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိသည်။
အဆိုပါလမ်းများ အဆင့်မြှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက လမ်းဘေးဝဲယာကျေးရွာများတွင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများအပြင် ကုန်စည်စီးဆင်းမှုများပါ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)