မြစိမ်းရောင်ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပ

မြစ်သား ဒီဇင်ဘာ ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ဘုံကွင်းကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာ၊ ခန္တောကျေးရွာအုပ်စု၊ ခန္တော+ ရေအေးဆိပ်ကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီက အဆိုပါကျေးရွာများရှိ ရွာဦးဘုန်းကြီး ကျောင်းဝန်းများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း၊ မြို့နယ်မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ မြစ်သား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်၊ ဦးစီးအရာရှိ ဒေါ်အိအိသော်နှင့် ဝန်ထမ်းများ တက်ရောက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများ အား ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများမှ အများသဘော ဆန္ဒနှင့်အညီ ကော်မတီကို နတ်မော်ကျေးရွာတွင် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၆)ဦး၊ စုစုပေါင်း(၁၁)ဦး၊ ခန္တော+ရေအေး ဆိပ်ကျေးရွာတွင် အမျိုးသား(၄)ဦး၊ အမျိုး သမီး(၅)ဦး၊ စုစုပေါင်း(၉)ဦးတို့ဖြင့်ဖွဲ့စည်း ပေးခဲ့ကြောင်းနှင့် မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ (၂) ယူနစ်၊ ကျေးရွာ(၃)ရွာရရှိပြီး နတ်မော်ကျေးရွာအတွက် (၁)ယူနစ်၊ ခန္တောနှင့် ရေအေးဆိပ်ကျေးရွာတို့အတွက် (၁)ယူနစ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဆုမွန်(မြစ်သား)