မန္တလေး ဒီဇင်ဘာ ၁၉
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ ရပ်ရွာအခြေပြုလူကုန်ကူးမှုဆိုင်ရာစောင့်ကြည့်အဖွဲ့၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်၁၀နာရီက ၂၄လမ်းနှင့် ၂၅လမ်းကြား၊ ၆၄လမ်းရှိ မဟာဇေယျာဘုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းရာတွင် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု(မန္တလေး)မှ ရဲအုပ်ကမ်အောင်မြင့်က ရပ်ရွာအခြေပြု လူကုန်ကူးမှု ဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများအကြောင်း၊ ရပ်ကွက်အတွင်းရှိကလေးသူငယ်များအား လူကုန်ကူးမှုကျူးလွန်ခံရခြင်း မရှိစေရေးအတွက် ဆောင်ရွက်ရမည့် အကြောင်းများ၊ အဓမ္မလုပ်အားခိုင်းစေခြင်း အကြောင်း၊ အခြားတနည်းနည်းဖြင့် ကာမဆိုင်ရာ ကိစ္စပြုစေခြင်းအကြောင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်းအကြောင်း၊ အဓမ္မဝန်ဆောင်မှုပေးစေခြင်း အကြောင်းများနှင့် လုပ်အားခေါင်းပုံဖြတ်ခြင်းများ ဖြစ်ပွားမှုမရှိစေရေးအကြောင်းတို့ကို အသိပညာပေး ဆွေးနွေးသည်။
ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ရဲအုပ်ကမ်အောင်မြင့်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ကလေးသူငယ်မှုခင်းကိစ္စများ၊ လူကုန်ကူးမှုကိစ္စရပ်များနှင့် ပတ်သက်၍ သံသယရှိပါက အရေးပေါ်ဆက်သွယ်ရန် Hot Line ဖုန်းနံပါတ်များနှင့် အသိပညာပေးလက်ကမ်းစာစောင်(၅၀)အား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးရာသို့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲအုပ်ကမ်အောင်မြင့်၊ ရဲတပ်ကြပ်ကြီး ညီညီမြင့်မောင်၊မဟာဇေယျာဘုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မျိုးမင်းနှင့် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့ဝင် (၄)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)