ကော့သောင်း ဒီဇင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာတွင် ကလေးငယ်များနှင့် လူငယ်လူရွယ်များအား သင်ကြားပို့ချပေးမည့် ကွန်ပျူတာသင်တန်းအတွက် လို့အပ်သည့်ကွန်ပျူတာများကို World Vision (ကော့သောင်း) အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါကျေးရွာတွင် လူငယ်လူရွယ်များအား ကွန်ပျူတာပညာရပ်များကို အနာဂတ်အလင်းတန်း ကိုယ်ထူကိုယ်ထအဖွဲ့မှ ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိသည်။ လှူဒါန်းပွဲတွင် နိုင်ငံတကာ INGO အဖွဲ့အစည်းတစ်ခု ဖြစ်သည့် World Vision(ကော့သောင်း) အဖွဲ့မှ စီမံကိန်းမန်နေဂျာ ဒေါ်ဒီဘိုးရာက လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်ကြားမှုတွင်လိုအပ်သည့် ကွန်ပျူတာငါးစုံကို တာဝန်ရှိသူများသို့ ပေးအပ်လှူဒါန်းရာ သင်တန်းတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
တိုးတက်ဖွံ့ဖြိုးလာသည့်ခေတ်စနစ်နှင့်အညီ ကွန်ပျူတာနည်းပညာရပ်များအား ကျေးလက်ဒေသ လူငယ်များ အလွှာအထိ တတ်သိနားလည်ကြစေရန် ရည်ရွယ်၍ ပညာဒါနအဖြစ် ကျေးရွာအတွင်းရှိ လူငယ်လူရွယ်များကို ကော့သောင်းမြို့၏ ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် အနာဂတ်အလင်းတန်းကိုယ်ထူကိုယ်ထအဖွဲ့မှ သင်တန်းဆရာများက ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)