ဝမ်းတွင်း ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ရှိ မြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်အသင်းကြီးမှ နွားစာရှားပါးသောဒေသများရှိ တောင်သူများအတွက် အထောက်အကူဖြစ်စေရန် နွားစာများလှူဒါန်းခြင်းကို ဩဂုတ်လ ၃ ရက်နေ့က မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ညောင်စောက်ကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်ရှိ မြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်အသင်းကြီးအနေဖြင့် မိုးခေါင်ပြီး နွားစာရှားပါးသည့် အခက်အခဲများနှင့်ကြုံတွေ့နေရသော ဒေသများရှိ ကျေးလက်နေတောင်သူများအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် နွားစားများ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အခုလို လှူဒါန်းဖြစ်ဖို့အတွက် ဝမ်းတွင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပရဟိတအသင်းတွေ ပေါင်းစုပြီး တောင်သူများလက်ဝယ်အရောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းကို မြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက် နာယကဆရာတော် ဦးဇောတိကမှ မိန့်ကြားခဲ့သည်။
အဆိုပါ နာယကဆရာတော် ဦးဇောတိကဦးဆောင်သော မြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ရက်အသင်းကြီးမှ နွားစာများလှူဒါန်းခြင်း အနေဖြင့် ညောင်စောက်ကျေးရွာရှိ နွားကောင်ရေ (၁၅၄) ကောင်အတွက် “တစ်တင်းခွဲ” နွားစာအိတ်ပေါင်း (၄၆၀)ကို လှူဒါန်းပေးနိုင်ခဲ့ကြောင်းသိရသည်။
ရဲမျိုးသက်(ဝမ်းတွင်း)