ဟိုမိန်း ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ဟိုမိန်းမြို့ မယ်အောကျေးရွာအုပ်စု မယ်အောကျေးရွာ၊ ဝမ်မိုင်ကျေးရွာနှင့် ဟွေဟ ကျေးရွာတို့တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) ဖြင့် တစ်အိမ်သုံး ဆိုလာမီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က အဆိုပါကျေးရွာများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုလာမီးဖွင့်ပွဲ အခမ်းအနားကို ဟိုမိန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့် မယ်အော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မယ်အောကျေးရွာနေ ပြည်သူဒေါ်နန်းဟွမ်ခေးက "မိမိတို့ ကျေးရွာတွင် ယခင်က မီးမရရှိတဲ့အတွက် အခက်အခဲများစွာ ကြုံတွေ့ရကြောင်း၊ အခုလို နိုင်ငံတော်ရဲ့ ကူညီပံ့ပိုးမှုနှင့်အတူ ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာ လျှပ်စစ်မီး ရရှိတဲ့အတွက် အလင်းရောင် များစွာ ရရှိပြီး လမ်းမီးများ၊ အိမ်မီးများပါ အားလုံးရတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း" ကျေးရွာနေပြည်သူများ ကိုယ်စား ပြောကြားခဲ့သည်။
ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာ ၁၂ ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမနီ ဖွံ့ဖြိုးရေးဘဏ် (KFW) ထောက်ပံ့မှု နှင့် ကျေးရွာပြည်သူများ ပူးပေါင်းထည့်ဝင်ငွေများဖြင့် NEP စီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ) Solar Home System တစ်အိမ်သုံး ဆိုလာစနစ် ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၆ ရွာ၌ ဆိုလာမီးများ တပ်ဆင် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
ရဲနောင်(ဟိုမိန်း)