မန္တလေး ဒီဇင်ဘာ ၁၉
မန္တလေးအောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်ကွက်ရှိ သီရိမာလာဈေးအား တစ်ပတ်ကြာ ယာယီပိတ်ထားရာမှ ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဈေးနှင့် သားသတ်ဌာန လက်အောက်ရှိ သီရိမာလာဈေးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် အတည်ပြုလူနာ များပြားလာခြင်း တို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ် နိုင်ရေး တို့အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ သီရိမာလာဈေးနှင့် ဈေးဝန်းကျင်ရှိ ဈေးဆိုင်များနှင့် ပွဲရုံများအား ဒီဇင်ဘာ ၁၂ ရက်နေ့မှ ဒီဇင်ဘာ ၁၈ ရက်နေ့ထိ တစ်ပတ်ကြာ ခေတ္တယာယီပိတ်သိမ်း ထားခဲ့ခြင်းဖြစ်သည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ လျော့နည်းလာခြင်းကြောင့် အဆိုပါဈေးအား ပြန်လည် ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ဈေးတွင် ဈေးဆိုင်ခန်းပေါင်း (၄၀၀) ကျော်နှင့် ပျံကျဈေး ရောင်းသည့် ဈေးသည်ပေါင်း(၂၀၀) ကျော်ရှိကာ ငါးများ၊ ပန်းများနှင့် ကုန်စိမ်းများကို လက်လီလက်ကား ရောင်းချပေးနေသော မန္တလေးမြို့၏ အဓိကကျသော ဈေးများထဲမှ ဈေးတစ်ဈေး ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)