နွားထိုးကြီးမြို့၌ အရေးပေါ်ရိက္ခာစားဆီများကို သိုလှောင်ရုံတွင်စစ်ဆေး

နွားထိုးကြီး  ဒီဇင်ဘာ ၁၈

နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော် အရေးပေါ် ရိက္ခာစားဆီတန်ချိန် ၄၂တန် (ဆီပုံး-၂၅၈၇ ပုံး)ကို နွားထိုးကြီးမြို့ မြို့နယ် အားကစားခန်းမ၌ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် စစ်ဆေးနေပြီဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြို့နယ်များတွင် လက်ခံသိုလှောင်ရေးကြီးကြပ်မှုအဖွဲများကို ဖွဲ့စည်းပေးထားပြီး ကိုဗစ်-၁၉ ရောဂါဖြစ်မှု မြင့်မားလာလျှင် ပြည်သူလူထု စားနပ်ရိက္ခာ အဆင်ပြေရန်  အရေးပေါ်စားဆီများကို  သိုလှောင်ထားခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်မားလာလျှင် သို့မဟုတ် ပြည်သူလူထု စားနပ်ရိက္ခာအခက်အခဲရှိလျှင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုနှင့်အတူ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း  စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုနှုန်း မြင့်မားလာပါက တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် နိုင်ငံသားများကို ခွဲတမ်းဖြင့် ဖြန့်ဖြူးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ နွားထိုးကြီးမြို့နယ် အတွက် ဆီပလပ်စတစ်ပုံး ၂၅၈၇ ပုံး (၄၂ တန်) ကို မြင်းခြံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်၊ အဖွဲ့နှင့် လက်ခံသိုလှောင်ရေး အဖွဲ့မှစစ်ဆေးလျက်ရှိပြီး ကြွက်ကိုက်၍ ပျက်စီးဆုံးရှုံးမှု အနည်းငယ်ရှိကြောင်း သိရသည်။

သန်းအောင်ဇော်