ကျိုင်းတုံ ဒီဇင်ဘာ ၂၀
အုပ်စုဖွဲ၍ ကျိုင်းတုံမြို့မှ မော်တော်ဆိုင်ကယ်များ ခိုးယူနေသူ (၂၃)ဦးနှင့် ၎င်းတို့ ခိုးယူခဲ့သည့် ဆိုင်ကယ် (၃၅)စီးကို ကျိုင်းတုံမြို့မ ရဲစခန်းက ဖော်ထုတ် သိမ်းဆည်းရမိထားကြောင်း သိရသည်။
"ကိုဗစ်ကာလ ပြည်သူတွေ အသွားအလာ သိပ်မရှိတာကို အခွင့်ကောင်းယူပြီး ကျိုင်းတုံမှာ ဆိုင်ကယ်ခိုးယူမှုတွေ ဖြစ်ခဲ့ပါတယ်။
ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ)မှ ရဲမှူးကြီး အေးသိန်းရဲ့ ကြီးကြပ်မှုနဲ့အတူ ဒီနှစ် စက်တင်ဘာ ၁ရက် နေ့မှာ ဆိုင်ကယ်ခိုးသူ တစ်ဦး ကျနော်တို့ စတင်ဖမ်းဆီး ရမိခဲ့ပါ တယ်"
"အဲ့ဒီနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့အတူ ခရိုင်မှုခင်းနှိမ်နင်းရေး တာဝန်ခံ ရဲအုပ် သန်းထွန်း ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကျနော်ဦးစီးတဲ့ နယ်ထိန်း တပ်ဖွဲ့ဝင်တွေဟာ ဆိုင်ကယ် ခိုးယူသူ (၂၃)ဦးကို ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ခိုးယူခဲ့တဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံ လုပ် မော်တော်ဆိုင်ကယ် (၃၅)စီး ကိုလည်း ဖော်ထုတ်ရမိခဲ့တာ ဖြစ်ပါတယ်" ဟု ကျိုင်းတုံ မြို့မရဲစခန်း က ဒုတိယရဲအုပ် လင်းလင်းထွန်းက ပြောသည်။
ပြစ်မှုကျူးလွန်သူများကို မြို့မရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီး ပျောက်ဆုံးနေသော ဆိုင်ကယ်များ စုံစမ်း ဖော်ထုတ်ရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံး)