ရိရေကန်နှင့် ဘွာန်နဲလ်(ခ)လင်နူးပါတောင်သို့ လာရောက်လည်ပတ်ကြသော ခရီးသွားပြည်သူများ အတွက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ Mask နှင့် လက်ဆေးရည်များ ပေးအပ်လှူဒါန်း

ရိခေါ်ဒါရ် ဒီဇင်ဘာ ၂၀

ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့် ရိခေါ်ဒါရ်မြို့ဒေသနှင့် အနီးတစ်ဝိုက်ရှိ အထင်ကရ နေရာဒေသများဖြစ်သည့် ရိရေကန်နှင့် ဘွာန်နဲလ်(ခ)လင်နူးပါ တောင်တို့၌ လာရောက်လည်ပတ်ကြသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်တားဆီးနိုင်ရေး ရည်ရွယ်ချက်ဖြင့် Mask နှင့် လက်ဆေးရည်များ ပေးအပ်လှူဒါန်းခြင်းကို ဒီဇင်ဘာ ၁၈ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ Mask နှင့် လက်ဆေးရည်များ ပေးအပ်လှူဒါန်းမှုနှင့် ပတ်သက်ပြီး ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးဆလိုင်းသိန်းဌေးလွင်က ပြောကြားရာတွင် “ကျွန်တော်တို့ ရိခေါ်ဒါရ်မြို့နှင့် အနီးတဝိုက်ရှိ အထင်ကရနေရာ ဒေသများဖြစ်တဲ့ ရိရေကန်နဲ့ ဘွာန်နဲလ်(ခ)လင်နူး ပါတောင်များမှာ လာရောက်လည်ပတ်သူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီရဲ့ စီစဉ်မှုနဲ့ ဆောင်ရွက်သွားတာဖြစ်ပါတယ်။ Mask နဲ့ လက်ဆေးရည်များ ပေးအပ်လှူဒါန်းရာမှာ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၊ ပြည်နယ်ကော်မတီ ဒုတိယယဥက္ကဋ္ဌ စည်ပင်၊ လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီးကိုယ်စား မြို့လဝကဦးစီးမှူး ဦးဟိုခန့်ဒါးလ်၊ ပြည်နယ်ကျန်းမာရေးမှူး ကိုယ်စား အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန တာဝန်ခံအရာရှိ ဦးခင်မောင်သန်းနဲ့ ချင်းပြည်နယ်ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင် ကျွန်တော် ဦးဆလိုင်းသိန်းဌေးလွင်တို့က သွားရောက် လှူဒါန်းပေးတာဖြစ်တယ်” ဟု ပြောသည်။

ဘွာလ်နဲလ်(ခ)လင်နူးပါတောင်သို့ ခရီးသွားပြည်သူများအား Mask နှင့် လက်ဆေးရည်များ ပေးအပ် လှူဒါန်းနိုင်ရေးအတွက် တောင်ခြေရွာဖြစ်သည့် မွှန်လွကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေး အဖွဲ့၊ ဘွာန်နဲလ်(ခ)လင်နူးပါတောင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း သုံးပစ္စည်းများ လှူဒါန်းပေးရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာစန်းမာက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ လိုက်နာရမည့် အချက်များ၊ Mask နှင့် လက်ဆေးရည် အသုံးပြုပုံနှင့် အကျိုး ကျေးဇူးများကို ရှင်းလင်းဆွေးနွေး ကြသည်။

ထို့နောက် ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူးက Mask (၁၀၀၀)ခု၊ လက်ဆေးဆပ်ပြာရည်ဘူးကြီး (၇)ဘူးနှင့် ဘွာန်နဲလ်(ခ)လင်နူးပါတောင် ခြေလျင်တောင်တက်လမ်း ပြုပြင်ရန် အနည်းငယ်ကျန်ရှိသည့်် နေရာများ ဆောင်ရွက်ရန်အတွက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီကိုယ်စားဖြင့် ပေးအပ် လှူဒါန်းပေးရာ မွှန်လွကျေးရွာအုပ်ချုပ်ရေးမှူး ဦးလာလ်ဧဇဲန်းက လက်ခံခဲ့ကြောင်း၊ ဆက်လက်၍ ရိရေကန် သို့ လာရောက်လည်ပတ်သူများအတွက် Mask (၅၀၀)ခုနှင့် လက်ဆေးဆပ်ပြာရည်ဘူးကြီး (၂)ဘူးတို့ ပေးအပ်လှူဒါန်းရာ ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလာလ်ချန့်လျန်က လက်ခံရယူသည်။

ရိရေကန်နှင့် ဘွာန်နဲလ်(ခ)လင်နူးပါတောင်တို့သည် မီဇိုချင်းလူမျိုးတို့၏ သမိုင်းဝင်နေရာများဖြစ်ပြီး လေ့လာရေးခရီး၊ အပန်းဖြေခရီးဖြင့် နှစ်စဉ်လာရောက်လည်ပတ်သူများပြားသည့် အထင်ကရနေရာ ဒေသများဖြစ်ကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)