တပ်ကုန်း ဒီဇင်ဘာ ၂၀
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပေါ်ဆန်းဘေးကြား စပါးရိတ်သိမ်းသရုပ်ပြခြင်းနှင့် ကောက်ရိုးစု၊ ကောက်ရိုး ထုံးစက်တို့ဖြင့် သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်မင်းရောင် အုပ်စု၊ ကွင်းအမှတ် (၁၃၁၉) ကွင်း၊ တောင်သူ ဦးတင်ထွန်းအောင်၊ ဦးစိုးနိုင်တို့ ပိုင်ဆိုင်သည့် မိုးစပါး ကောက်စိုက်စက် စံပြစိုက်ခင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါသရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာန(ရုံးချုပ်)ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်း က လယ်ယာစိုက်ပျိုးရေး တောင်သူများအနေနဲ့ လယ်ယာသုံးစက်ကိရိယာများဖြင့် ပတ်သက်တဲ့ ကောက်စိုက်စက်၊ ရိတ်ချွေစက်၊ ကောက်ရိုး ထုံးစက်၊ စွမ်းအားမြင့်ထွန်စက်နှင့်တွဲဖက်အသုံးပြုနိုင်သော စက်ပစ္စည်းကိရိယာများလိုအပ်ပါက မြို့နယ်စက်မှု လယ်ယာ ဦးစီးဌာနအား ဝင်ရောက် ၍ ဆွေးနွေးမေးမြန်းနိုင်ကြောင်း တက်ရောက်လာသည့်တောင်သူများ အား ရှင်းလင်းပြောကြား သည်။
ထို့နောက် ကွင်းအမှတ် ၁၃၁၉၊ တောင်သူ ဦးတင်ထွန်းအောင် မိုးစပါးကောက်စိုက်စက် စံပြ စိုက်ခင်း၊ ပေါ်ဆန်း ဘေးကြား စပါး စိုက်ကွက်တွင် ရိတ်သိမ်းချွေလှေ့စက်ကြီးဖြင့် စပါးစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးအစိုတင်း (၉၆)တင်းထွက်ရှိခြင်း၊ စပါးတစ်တင်းလျှင် (၁၁၀၀၀)ကျပ် ဈေးနှုန်းရရှိကြောင်းနှင့်တောင်သူ ဦးစိုးနိုင် စပါးစိုက်ကွက်တွင် ရိတ်သိမ်းချွေလှေ့စက်ကြီးနှင့်ရိတ် သိမ်းထားသည့်ကောက်ရိုးများအား ကောက်ရိုးစုစက်ကိရိယာ၊ ကောက်ရိုးထုံးစက် တို့ဖြင့် သရုပ် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်