ဒေးဒရဲ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ဖွင့်လှစ်ထားရှိသည့် Facility Quarantine Centre များရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် Quarantine ဝင်ရောက်လျက် ရှိသူများအတွက် အလှူငွေများ၊ ထမင်းဗူးနှင့် ရေသန့်ဗူးများအား ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဒေါ်သန်းမြင့်(တော်တနီး)မှ ရေသန့် (၅၀)ကဒ်၊ ဒေါ်ခင်စန်းတင့်မိသားစုမှ အလှူငွေ (၂)သိန်းကျပ်၊ ဦးရဲစိုးအောင်၊ ဒေါ်မြတ်မြတ်မွန် မိသားစုက (၆)သိန်း(၅)သောင်း တန်ဖိုးရှိ ရေသန့်ဘူးခွံ (၁၀၀၀၀)၊ ချောင်းဖျားကျေးရွာသူ၊ ကျေးရွာသားများစုပေါင်း၍ ထမင်း (၂၀၀)ဗူး၊ အနှိုင်းမဲ့မေတ္တာ ပရဟိတအသင်းမှ ထမင်း(၄၀၀)ဗူး၊ နောက်ပြန်တိုးကျေးရွာ အုပ်စုမှ ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်း၍ အလှူငွေ (၆)သိန်း(၅)သောင်းကျပ်နှင့် ကွယ်လွန်သူ ဦးခင်မောင်သန်း အား ရည်စူး၍ ဒေါ်ဇာဇာတင်က အလှူငွေ (၅)သောင်းကျပ်တို့အား လာရောက် လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်သည့်နေရာများ ဖွင့်လှစ်ထားရာ စေတနာရှင်၊ အလှူရှင်များ အနေဖြင့် စားသောက်ဖွယ်ရာများကို လာရောက်လှူဒါန်းနိုင်ပြီး တစ်ဦးအတွက် တစ်နေ့တာ စားစရိတ် (၃၂၀၀)ကျပ်ဖြင့် ငွေသားလှူဒါန်းနိုင်သလို အလှူရှင်များ၏ အစီအစဉ်ဖြင့်လည်း ရေသန့်ဘူးများ၊ ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများ ကိုလည်း လာရောက်လှူဒါန်းနိုင်ပါကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)