ကြံခင်း ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နေ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် မြတ်ဒါနပရဟိတအဖွဲ့များ ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ မြို့မဈေးနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် အသိပေးနှိုးဆော်ခြင်းနှင့် Mask အခမဲ့ဖြန့်ဝေ ပေးကြောင်း သိရသည်။
ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရန် မဖြစ်မနေ အိမ်အပြင်ထွက်ပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်နှင့် အပြင်မှ နေအိမ်သို့ ပြန်ရောက်ပါက စက္ကန့်(၂၀)ကြာလက် စနစ်တကျဆေးရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်နိုင်ရေးအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်း၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းနှင့် မြတ်ဒါနပရဟိတအဖွဲ့မှ Mask များကို အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
အဆိုပါဖြန့်ဝေအသိပေးနှိုးဆော်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းနှင့် မြတ်ဒါနပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနှင့် အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် နှာခေါင်းစည် Mask အခု(၁၅၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)