မဘိမ်းမြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ ပါရမီရှင်လူမှုကူညီရေးအသင်းမှ အလှူငွေများပေးအပ်လှူဒါန်း

 

မဘိမ်း     ဒီဇင်ဘာ     ၂၁   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ နမ့်ပုံးပုံးရပ်ကွက်ရှိ ပါရမီရှင်လူမှုကူညီရေးအသင်း၏ (၅)နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် အလှူငွေများ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနာကယ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ကော်မတီ၏ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများ နှင့် ရန်ပုံငွေ များ လျာထားသုံးစွဲနေမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် နမ့်ပုံးပုံးရပ်ကွက် ပါရမီရှင်လူမှုကူညီရေးအသင်း၏  နာယက ဦးမောင်ထူးနှင့် အ သင်း၏ ဥက္ကဌ ဦးသန်းဌေး တို့က ပါရမီရှင် လူမှုကူညီရေး အသင်း၏(၅)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် အလှူငွေ ကျပ်(၅)သိန်း(၆)သောင်းကို ပေးအပ် လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီနာကယ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်တို့က လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)