မြစ်ကြီးနားဘူတာ၌ ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ နေ့စဉ်ဆောက်ရွက်

မြစ်ကြီးနား  ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြန်မာ့မီးရထားဘူတာရုံ၌ ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရီးသွားပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ နေ့စဉ် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဘူတာရုံ၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြစ်ကြီးနားမြို့သို့ ဝင်ရောက်လာကြမည့် ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ပူချိန် တိုင်းတာပေးခြင်း၊ ခရီးသွားလာခွင့် ကျန်းမာရေးထောက်ခံစာများ စစ်ဆေးခြင်း၊ ခရီးသွား ရာဇဝင်များရယူခြင်း၊ နေရပ်လိပ်စာရယူခြင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ရယူခြင်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားလျက်ရှိသည့် ပြည်တွင်း/ ပြည်ပ ဒေသများမှ မိမိတို့မြို့သို့ ပြန်လည်ဝင် ရောက်လာပါက မြစ်ကြီးနားမြို့ရှိ ပညာရေးကောလိပ်နှင့် မြစ်ကြီးနားတက္ကသိုလ်တို့တွင် ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သက်စောင့်ကြည့်ရေးစင်တာများတွင် Quarantine (၇) ရက် ဝင်ရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများ ခံယူရမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

စိန်ဝင်း(ပြန်/ဆက်)