နောင်တရား ဒီဇင်ဘာလ ၂၁
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အမှတ်(၁) ရပ်ကွက်၌ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့နိုင်ရေး ဒုတိယ အကြိမ် စာရင်း ကောက်ယူ လျက်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
လူမူကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်အရ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် စဉ်ကာလ နှင့် နို့တိုက်မိခင်များ ဖြည့်စွက်အာဟာရ စားသောက်နိုင်ရန် တစ်လလျှင် ငွေကျပ် ၁၅၀၀၀ ထောက်ပံ့နိုင်ရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေမှ စတင် မွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ၏ အမည်စာရင်းကို ရပ်ကျေးစာရေးဝန်ထမ်းများက ဒုတိယအကြိမ် ထပ်မံစာရင်းကောက်ယူလျက်ရှိသည်။
အချက်အလက်များမှန်ကန်မြန်ဆန်ရေးအတွက် စာရင်းလာရောက်ပေးသွင်းသည့် မိခင်များအနေဖြင့် ကိုယ်ဝန် ဆောင် မှတ်တမ်းစာအုပ်၊ မှတ်ပုံတင်နံပါတ်နှင့် ဓါတ်ပုံမှတ်တမ်း ရယူနိုင်ရေးအတွက် မိမိတို့၏ အမျိုးသားကိုလည်း ခေါ်ဆောင်လာ ရန်လိုအပ်ကြောင်းသိရသည်။ နောင်တရားမြို့ အမှတ်(၁) ရပ်ကွက်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေး စုစုပေါင်း (၅၃)ဦးကို ပထမအကြိမ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)