ရမည်းသင်း သြဂုတ် ၂၁
ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက လူငယ်မောင်မယ်တို့၏ ဘဝလမ်းကြောင်းမတိမ်းစောင်းဖို့ မိဘနှင့်ဆရာ ဆရာမများ ပူးပေါင်းထိန်းကျောင်းစို့ ခေါင်းစဉ်ဖြင့် ဟောပြောရာ၌ ကလေးများကို ငယ်စဉ်ကစ လိမ္မာယဉ်ကျေးသူများဖြစ်အောင် ဆုံးမဖို့လိုပါကြောင်း၊ မိဘများကငယ်စဉ်ကစကောင်းသော သန္ဓေကောင်းသော အလေ့အကျင့်ပျိုးထောင်ပေးမှသာ အနာဂတ်တွင် လူတော်၊ လူကောင်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ရောက်ပါကလည်း မိဘ၊ ဆရာပူးပေါင်း၍ လူငယ်လူရွယ်တို့၏ ဘဝလမ်းကြောင်း မတိမ်းစောင်းအောင် ထိန်းကျောင်းပေးကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသ စာအုပ်၊ စာစောင်များနှင့် လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)