မိတ္ထီလာမြို့နယ်၌ မိုဘိုင်းယာဉ်ဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းဆောင်ရွက်

မိတ္ထီလာ၊    ဒီဇင်ဘာလ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် ဒေသခံ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် မိုဘိုင်းယာဉ်ဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းများကို   အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီ အချိန်က မိတ္ထီလာ-မြင်းခြံသွားကားလမ်း မိတ္ထီလာမြောက်ကန်အနီး ဝန်ဇင်ကန်ဘောင်ပေါ် တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)အနေဖြင့် မြို့နယ်အတွင်း ဒေသခံပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ရပ်ကွက်နေပြည်သူများ၊ ကျောင်းသားကျောင်းသူများအား ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးအရေးယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သည့် အတွက် ၎င်းလုပ်ငန်းများကို ယာယီ နားထားလျက် ရှိသည်။ ထိုသို့ ယာယီရပ်နားထားချိန်တွင် ယာဉ်တိုက်မှုများ များပြားလာသည့်အတွက် ယာဉ်အန္တရာယ် ဖြစ်ပွားမှု လျော့နည်းလာစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စည်းကမ်းပျက် ယာဉ်များအား ဖမ်းဆီးအရေးယူမှုလုပ်ငန်းများကို နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း လူစည်ကားရာနေရာများတွင် ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ဒေသခံ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနှင်းမောင်းနှင်သူများ ၂၀၂၀ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပ​ဒေ များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လမ်းဆုံလမ်းခွ နေရာများ ၊ မီးပွိုင့်နေရာများတွင် အသံချဲ့စက်ဖြင့် နေ့ည ဖွင့်လှစ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မိတ္ထီလာ) ရဲအုပ် သီဟသူထံမှ သိရသည်။

မိတ္ထီလာမြို့နယ်အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးအရေးယူမှုလုပ်ငန်းများကို  ဆောင်ရွက် လျက် ရှိရာ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ ယနေ့အထိ အသိပညာပေးခြင်းလုပ်ငန်း (၄၂)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး စည်းကမ်းပျက်ယာဉ် ၆၀၈ စီးကို တရားစွဲတင် ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သိရသည်။    

သိန်းမြင့်ကျော်(မိတ္ထီလာ)