မြောင်းမြ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း အသွားအလာ ကန့်သတ်ထားသူများ (၁၉၉)ဦးအား မြောင်းမြ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက (Nasopharyngeal swab နှင့် Oropharygeal swab) နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ဓါတ်ခွဲနမူနာများ ရယူပြီး (၁၉−၁၂−၂၀၂၀)က ရန်ကုန်မြို့ အမျိုးသားဓါတ်ခွဲဌာန (NHL)သို့ ပို့ဆောင် စစ်ဆေးခဲ့ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ (၂၁−၁၂−၂၀၂၀)ရက်နေ့ ထုတ်ပြန်ချက်အရ (၁၄)ဦးတို့တွင် ကိုဗစ်−၁၉ရောဂါ ပိုးတွေ့ရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး Dr တင့်တင့်ကျော် ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ပိုးတွေ့လူနာများတွင် အမျိုးသား(၇)ဦး၊ အမျိုးသမီး(၆)ဦးနှင့် ကလေး(ကျား) (၁)ဦး ပါဝင်ကြောင်း၊ ၄င်းတို့သည် မြောင်းမြမြို့၊ မြစန္ဒာရပ်ကွက်၊ ဦးစိန်မောင်လမ်း၊ မြိုင်မာလာ(၁)လမ်း၊ အောင်ဆန်း ဘုန်းကြီးကျောင်းလမ်းနှင့် မွေတော်ရှမ်းစု ကျေးရွာများတွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ (၂၁)ရက်တွင် ပိုးတွေ့လူနာထပ်တိုး(၁၄)ဦး၊ ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ (၂၂)ဦးနှင့် ဆေးကုသဆဲ လူနာ(၄၃) ဦးရှိကြောင်း သိရသည်။
စန္ဒာကြည်(မြောင်းမြ)