မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာ၌ အိုးလုပ်ငန်းကို ကျေးရွာ၏ အဓိကထုတ်ကုန် တစ်မျိုးအဖြစ် တွင်ကျယ်စွာ လုပ်ကိုင်

မိတ္ထီလာ၊ ဒီဇင်ဘာ ၂၁

 မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာတွင် အိုးလုပ်ငန်းကို ကျေးရွာ၏ အဓိကထုတ်ကုန် တစ်မျိုး အဖြစ် တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

သီးတက္ကန်(မြောက်)ကျေးရွာတွင် အိမ်ခြေ ၈၃ အိမ် လူဦးရေ ၄၀၀ ကျော်ရှိရာ အိမ်ခြေ ၇၀ ကျော်က  အိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး ၎င်းအိုးလုပ်ငန်းတွင် လိုအပ်သော မြေများကို  အမျိုးသားများက  တောမှ လှည်းများဖြင့် သယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်ပေးပြီး အမျိုးသမီးများက အိုးပုံသွင်ခြင်း၊ နေလှန်းခြင်း၊ မီးဖုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် သည်။ထိုသို့ အိုးလုပ်ငန်းများဆောင်ရွက်ရာတွင် မြေစိမ်း၊ မြေနီ တို့ကို ကျင်းအတွင်း  ထည့်၍ ရေလောင်းပြီး နူးနပ်အောင်ထားရပြီး ရွှံ့များ နူးနပ်ပါက အမွှေးပါသည့် နွားသားရေပေါ်ပုံပြီး ရွှံ့များ စီးသွားအောင် ခြေထောက်ဖြင့် နင်းရသည်။ ယင်းသို့ ခြေထောက်ဖြင့် နင်းပြီးပါက အရှည် ၁၂ လက်မ အချင်း ၅လက်မရှိ ရွှံ့တုံးလေးများ လုံး၍ အိုးပြင်သည့်  လက်လှည့်ပေါ်တင်၍ ပုံကြမ်းဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရသည်။ ၎င်းနောက် အိုးကို လက်ခတ်ဖြင့် ရိုက်ပြီး အပွင့်ပုံဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီးနောက် ရရှိလာသည့် အိုးစိမ်းများကို နေလှန်း၍ အခြောက်ခံရကြောင်း၊ အခြောက်ခံပြီး အိုးစိမ်းများကို မီးဖုတ်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရသည်။ ယင်းသို့ နေလှန်းပြီး အိုများကို မီးဖုတ်ရာတွင် အောက်ခြေတွင် ထင်းများ ခင်းပြီး အိုးစီခြင်းလုပ်ငန်းဆောင်ရွက်ရသည်။ ယင်းနောက် စီထားသည့် အိုးပုံ ဘေးပတ်လည်တွင် ထင်းများ ထောင်၍ စီခြင်း၊ ကောက်ရိုးများ ဖုံးအုပ်ခြင်း ဆောင်ရွက်ပြီးပါက  ရွံ့များ  လိမ်းကြန်ခြင်းနှင့် အိုးပုံပတ်လည်မီးရှို့ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရသည်။ ထိုသို့ မီးရှို့ရာတွင် အိုးစီတဲ့ အပေါ်မူတည်၍ အချိန်ကြာတက်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်တင်ညို ထံမှ သိရသည်။

သီးတက္ကန်(မြောက်)ကျေးရွာမှ လုပ်ကိုင်လျက်ရှိသော  အိုးများမှာ သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး၊ စလောင်ဖုံး၊ ဆီမီးခွက်၊ ထန်းမြေအိုးများကို လုပ်ကိုင်ကြသည်။ ထိုသို့လုပ်ကိုင်ကြ သည့် အိုးများကို  မိတ္ထီလာ၊ မလှိုင်၊ တောင်သာမြို့နယ်များမှ အိုးကုန်သည်များက ကျေးရွာ အရောက် ဝယ်ယူလျက်ရှိကြရာ အဆိုပါ အိုးလုပ်ငန်းကို သီးတက္ကန် (မြောက်)ကျေးရွာသာမက အနီးအနား ကျေးရွာများကပါ အိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)