ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ငါန်းဇွန်  ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်းပြီး “လူငယ်နှင့်အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “လူငယ်နှင့် အောင်မြင်မှုပန်းတိုင်ဆီသို့”စာအုပ်ပါ  စာရေးသူ ချမ်းငြိမ်း(ဟံသာဝတီ)၏ “ခါးပိုက်နှိုက် အဘိုးကြီးကို ဆုံးမလိုက်တဲ့ လူငယ်လေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ လူနှင့် လူ့ပတ်ဝန်းကျင်မှာ နိစ္စဒူဝ နေ့စဉ်အမှုကိစ္စတို့ကို လုပ်ဆောင်ရွက်ကြတဲ့အခါ အမှားတွေကို ရင်ဝယ်ပိုက် ဆက်ကာဆက်ကာ အမှားတွေကို နမ်းရှိုက်၊ ဘဝကို ဖြတ်သန်းနေကြသလို လူနှင့် လူ့ပတ်ဝန်းကျင်အတွက် အတုယူဖွယ်၊ လေးစားဖွယ်၊ ကမ္ဘာကြီးအတွက် လိုအပ်နေတဲ့အတွေး၊ လိုအပ်နေတဲ့အမူအကျင့်တွေ ရေးသားဖော်ပြမှုကို ဖတ်ရှုနားလည်မိပါကြောင်း၊ ခါးပိုက်နှိုက် ဖြစ်ပုံမရတဲ့ ခါးပိုက်နှိုက်လိုက်ရတဲ့ အဘိုးအိုအား “အဘိုးက ကျွန်တော့် ကျောပိုး အိတ်ထဲကနေ ပိုက်ဆံနှိုက်နေတာ သိပါတယ်၊ မသိချင်ယောင်ဆောင်နေတာပါ။ အဘိုးလိုအပ်တဲ့နေရာမှာ သုံးပါနော်” လို့ပြောပြီး အဘိုးကို ဦးကုန်းချသည့် လူငယ်လေး၏ အမြင့်စားစိတ်ဓာတ်တွေ အပြုအမူတွေကို လက်ဆင့်ကမ်းပေးဖို့ စာဖတ်သူမှာ တာဝန်ရှိပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် Grade-7 ကျောင်းသူ မဖြိုးသုခ(ငါန်းဇွန်အ.ထ.က)က စာရေးသူ ဟမ်စိုင်း(ဆေး-မန်း)၏“ပျော်ရွှင်ခြင်းဆီသို့” ခေါင်းစဉ်ဖြင့် ပျော်ရွှင်ခြင်းဆီကိုသွားဖို့အတွက် လိုက်နာရမည့် နည်းလမ်း ခုနစ်သွယ်ဖြစ်သည့် (၁) အမုန်းတရားတွေအောက်မှာ အကျဉ်းကျ မခံပါနဲ့၊ (၂) မဖြစ်သေးတဲ့ အရာတွေအတွက် စိတ်မပူပန်ပါနဲ့၊ (၃) ရိုးရှင်းစွာ ရှင်သန် ပါ၊ (၄) အနည်းငယ်ပဲ မျှော်လင့်ပါ၊ (၅) ကိုယ်ပေးနိုင်သလောက်ပေးပါ၊ (၆) ပြုံးပါနှင့် (၇) ဘာသာတရား များများလုပ်ပါ၊ စသည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပြီးအဖွဲ့ဝင် Grade-7 ကျောင်းသား မောင်ဘုဏ်းမြတ်ခိုင်(ငါန်းဇွန်အ.ထ.က)က စာရေးသူ ဟေမာလွင်၏ “စာအုပ်ထဲက သင်ခန်းစာ” ခေါင်းစဉ်ဖြင့် စာရေးဆရာကြီး Ernest Hemingway ရဲ့ ကမ္ဘာကျော်လက်ရာ “The old man and the sea” ဝတ္ထုကို အဓိပ္ပါယ်ဖော်၍ ဖွင့်ဆိုဝေဖန်ကြရာ၌ ပင်လယ်ပြင်သည် လူ့ဘဝ၊ ငါးကြီးသည် သဘာဝအင်အားစုကြီး တစ်ရပ်၊ အဘိုးအိုသည် မနုဿဘာဝဟူ၍လည်းကောင်း၊ အဘိုးအိုသည် လူသဘာဝ၊ ငါးကြီးသည် လူ့ဆန္ဒ၏ သရုပ်၊ ဆုံးရှုံးခြင်းသည် သေခြင်းတရားကဲ့သို့ မလွှဲမရှောင်သာသော နိယာမသဘော၊ အဘိုးအို၏ ဇွဲလုံ့လသည် လူတိုင်းထားအပ်သော စိတ်ထားဟူ၍လည်းကောင်း၊ အဘိုးအိုသည် ဇရာ၏သရုပ်၊ သူငယ်လေးသည် ယုဝ၏သရုပ်၊ ခြင်္သေ့များသည် ယုဝ၏ သရုပ်၊ ငါးကြီးသည် လူ့ဆန္ဒ၏သရုပ်၊ ငါးမန်းများသည် ဘဝအဖျက် အဆီး အဟန့်အတားများ၏ သရုပ်ဟူ၍လည်းကောင်း၊ လူ့ဘဝကြီးသည် ခရီးဆုံးဆိုတဲ့ ကျရှုံးခြင်း၊ သေဆုံးခြင်းဆီမရောက်ခင်မှာ ကိုယ်ရှာဖွေ ပိုင်ဆိုင်ထားတဲ့အရာတွေကို ရန်သူတွေ၊ အဖျက်အနှောင့်တွေရန်က နည်းအမျိုးမျိုးသုံးပြီး ကြိုးစားကာကွယ်ခဲ့ရကြောင်း၊ ငါးဖမ်းမြှုံးနဲ့ ငါးလေးတွေကိုဖမ်းမယ်။ အဲဒီငါးလေးနဲ့ ငါးကြီးကို ဖမ်းကြတယ်။ အဲ့တော့ အသိပညာ၊ အတတ်ပညာကို ဝေမျှပေးတယ်။ အဲဒီပညာတွေနဲ့ ငါးကြီးဆို တဲ့ အောင်မြင်မှုတွေ ထပ်ထပ်ပြီးဖမ်းကြမယ်ဟူ၍လည်းကောင်း “လူငယ်နှင့်အောင်မြင်မှုပန်းတိုင်ဆီသို့”စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။      

သက်နောင်ဦး(ငါန်းဇွန်)