သာစည် ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်ရည်ရွယ်ပြီး အခြေခံပညာကျောင်းများသို့လှူဒါန်းထောက်ပံ့သော ခြေနင်းပါလက်ဆေး ရေကန်များကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲကအခြေခံပညာကျောင်းများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
လက်ဆေးကန်များ လွှဲပြောင်းပေး အပ်ပွဲတွင် မြို့နယ်ပညာရေးမှူးဦးစိုးဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးဟန်ခင်ကလှူဒါန်းပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက်တက်ရောက်လာသူများက အခြေခံပညာအထက်တန်းကျောင်း ၇ ကျောင်းနှင့်အခြေ ခံပညာအထက်တန်းကျောင်ခွဲ ၂ ကျောင်းတို့မှ ကျောင်းအုပ်ကြီးများထံ လက်ဆေးကန်များ လွှဲပြောင်းပေးအပ်သည်။ အဆိုပါ လက်ဆေးကန်များမှာ ခြေနင်းပါရှိပြီး လူနှစ်ဦး တပြိုင်တည်းဆေးနိုင်သော နှစ်ခုတွဲများဖြစ်ကြောင်းသိရသည်။
လက်ဆေးကန်လွှဲပြောင်းပေးအပ်ပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစစ်ငြိမ်းအေး၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးဇော်ဝင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲမှတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။
ထွန်းထွန်း(ပြန်/ဆက်)