တံတားဦး ဩဂုတ် ၂၁
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်ကို ယမန်နေ့မွန်းလွဲ ၂ နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ စကားအင်းကျေးရွာတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် စကားအင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝေက ကျောင်းသား၊ ကျောင်းသူများ အသိပညာရရှိစေရေးအတွက် လူငယ်များနှင့်ပတ်သက်သည့် ဗဟုသုတရဖွယ်အကြောင်းအရာများကို ဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်နှင့် စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်၊ လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က Moderator အဖြစ်ဆောင်ရွက်ပြီး စကားအင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade-8 မှ ကျောင်းသား မောင်မြင့်မြတ်ကျော်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10 မှ ကျောင်းသူ မကျော့ကေခိုင်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ ကျောင်းသူ မပန်းရတီချစ်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–10 ကျောင်းသူ မခိုင်စံပယ်သင်းက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့တက်ရောက်လာကြသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ခင်းကျင်းပြသထာသေား နံရံကပ်ဓါတ်ပုံများ၊ စာစောင်များ၊ စာအုပ်စာစောင်ပြပွဲများကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)