သိန္နီမြို့ဝင်၌ ကျန်းမာရေးစစ်ဆေးရေးဂိတ် နေ့စဉ်ဖွင့်လှစ်ပြီး ကိုဗစ်−၁၉ရောဂါ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

သိန္နီ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင်နေ့စဉ် နံနက်(၆)နာရီမှ ည(၉)နာရီအချိန်အထိ မြို့အဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ခရီးသွားများနှင့် ယာဉ်မောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

သိန္နီမြို့ရှိဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များ၊ မော်တော် ယာဉ်ကြီးကြပ်ရေးကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (Standard Operating Procedure SOP) နှင့်အညီ စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

သိန္နီ-လားရှိုးပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ယာဉ်မောင်းများနှင့် ခရီးသွား ပြည်သူများအား မိမိတို့သက်ဆိုင်ရာ မြို့နယ်များမှ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာပါ/မပါ၊ ကျန်းမာရေးအခြေအနေ ကောင်းမွန် ကြောင်း ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 ဖိုးချို( ပြန်/ဆက်)