မိုင်းရှူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးစီမံကိန်း(၂)ခုအတွက် ကျေးရွာများ ရွေးချယ်

မိုင်းရှူး  ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတွက် ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ် တို့က အမှာစကား ပြောကြားသည်။

ဆက်လက်၍မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးမင်းဦးက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)နှင့် မြစိမ်းရောင်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းတို့နှင့် ပတ်သက်၍ မိုင်းရှူးမြို့နယ်အတွင်း လက်ရှိအချိန်ထိ ဆောင်ရွက်ခဲ့ပြီးသည့် ကျေးရွာများ၊ ယခုဘဏ္ဍာနှစ်အတွင်း စီမံကိန်းတစ်ခုချင်းစီအလိုက် လျာထားသည့်ကျေးရွာများနှင့် စီမံကိန်းများအတွက် ကျေးရွာရွေးချယ်ရာတွင် ဦးစားပေးရွေးချယ်ရမည့်အချက်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက် လာကြသည့်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက စီမံကိန်း တစ်ခုချင်းစီအလိုက် ဦးစားပေးရွေးချယ်သင့်သော ကျေးရွာများကို ညှိနှိုင်းဆွေးနွေးရွေးချယ်ခဲ့ကြပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်းက နိဂုံးချုပ်အမှာ စကား ပြောကြားသည်။

မိုင်းရှူးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း(VDP)ကျေးရွာ(၁၁) ရွာနှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာ (၃)ရွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)(၁၀) ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း(၁) ရွာတို့တွင် စီမံကိန်းများအကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)