မိုင်းယောင်း ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့အတွက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အောက်စီဂျင် ၁၀ လီတာဘူး တစ်ဘူးကို အမှတ်(၈)ရပ်ကွက်မှ မမေမြတ်နိုးအေးက ယမန်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသော ကျန်းမာရေးနှင့်အတူ အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်နေပြီး ပိုးတွေ့လူနာ မိသားစုနေထိုင်ရာ နေအိမ်ခြံဝန်းများ၊ Quarantine center များအဖြစ် အသုံးပြုပြီးသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်းများနှင့် တည်းခိုခန်းများရှိ အိပ်ဆောင်များ၊ ရေအိမ်၊ ရေချိုးခန်းများကို ပိုးသတ်ဆေးဖျန်းခဲ့သည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက “ယခုအခါ ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့ ပိုးတွေ့လူနာတွေကို ဆေးကုသမှုခံယူနိုင်ဖို့ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်သို့ ပို့ဆောင်ပေးတယ်၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာလို့ ဆေးရုံဆင်းခွင့် ရရှိသူတွေကို အိမ်တိုင်ရာရောက် ပြန်လည် ပို့ဆောင်ပေးပါတယ်၊ ဒါ့အပြင် Home Quarantine ဝင်ရောက်နေသူတွေကို စိတ်ဓာတ်ခွန်အား မြင့်မားစေရန် နှစ်သိမ့်ဆွေးနွေးခြင်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြား သည်။
နန်းစီဖေါင်း