ရွှေကူ ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၅၄)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၉၆)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ကုန်တင်ယာဉ်မှ ယာဉ်မောင်း လားရှိုးမြို့ မံဖိုင်လမ်း၊ နယ်မြေ(၃) အမှတ်(၁၂)ရပ်ကွက်နေသူ အမျိုးသား(၁)ဦးနှင့် အောင်မြေသာဇံမြို့နယ် အကွက်အမှတ် (၈၈)၊ မင်းတဲအီကင်းရပ်ကွက် နေထိုင်သူ (၆)ဘီးကုန်တင်ယာဉ်မှ ယာဉ်မောင်း အမျိုးသား (၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်း(၂)ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ တိုက်ခန်း(ယာယီဆေးကုသဆောင်)သို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတိုနှင့်အတူ ပါလာသော ယာဉ်နောက်လိုက်(၂)ဦးအား ရွှေကူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။
ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်−၁၉ရောဂါ ကျန်းမာရေး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက်များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၄၄)ဦး ရှိပြီဖြစ်ကြောင်း၊ (၃၀)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)