နမ့်စန်(တ) ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ ရွေးချယ်ခြင်းကို ယနေ့ နံနက်၁၀နာရီက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံတို့က စီမံကိန်း ကျေးရွာများ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကျေးရွာများ ရွေးချယ် လျာထားခြင်းနှင့်ရွေးချယ်ရမည့် စံသတ်မှတ်ချက် များ ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းလုံ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် တက်ရောက်လာကြသော တာဝန်ရှိသူများက စီမံကိန်းကျေးရွာ များကိုရွေးချယ်ခဲ့ကြရာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတွက် ဟိုင်းနားကြီးကျေးရွာ အုပ်စုရှိ နမ့်ခမ်း ကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာအတွက် မက်မွန်မုန်း၊ ဟိုက်ဖတ်၊ ဟိုင်းနားကြီး၊ ဘန့်ဟင်၊ ပိန်းဆည်၊ ဟိုနောင်၊ လွိုင်ယဲ၊ နောင်ဟီး၊ ဝမ်ပိန်း ကျေးရွာအုပ်စုတို့မှ စုစုပေါင်း ကျေးရွာ (၁၇)ရွာတို့ကို စံသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)